“ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် သိုလှောင်ထားရှိ”

07 Apr

ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီစဉ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိ နိုင်ငံတော်အတွင်း နိုင်ငံတော်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို စနစ်တကျ ထိန်းကျောင်းနိုင်လာပြီး နေ့စဉ်သုံးစွဲမှုနှုန်းလျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာသက်သာ လာကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရတာကြောင့် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် နိုင်ငံတော်အနေနဲ့ စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချစနစ်များကို အသုံးပြု၍စနစ်တကျ ထိန်းကျောင်း ရောင်းချပေးလျက်ရှိပါတယ်။ အခုလိုရောင်းချမှုူကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍ ဧပြီလ ၆ ရက်အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုက ၃ ဒသမ ၅၄ သန်းဂါလန်မှ ၂ ဒသမ ၅ သန်းဂါလန်သို့ ကျဆင်းလာခဲ့ပြီး ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ကာ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ်တင်သွင်းလျက်ရှိတဲ့ တန်ချိန် ၅ သန်းခန့်အတွက် အမေရိကန်ဒေါ်လာသန်း ၅,၀၀၀ ကျော် အသုံးပြုနေရပြီး အခုလို စနစ်တကျအသုံးပြုက နှစ်စဉ် ဒေါ်လာသန်း ၂,၀၀၀ ခန့် လျှော့ချနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်းပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိကအသုံးပြုလျက်ရှိကြောင်း သိရပါတယ်။ စက်သုံးဆီဝယ်ယူရာတွင် သတ်မှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် QR Code စနစ်နဲ့ ရောင်းချမှုများကို ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

07 Apr

ADVERTISE HERE .