“အမေရိကန်အစိုးရက ကာကွယ်ရေးအသုံးစရိတ် ၄၀ ရာခိုင်နှုန်းကျော်တိုးမြှင့်ရန် ကြိုးပမ်း”
06 Apr
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အောက်တိုဘာလတွင်စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံးက ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်အဆိုပြုချက်၏ အကြမ်းဖျဉ်းဖော်ပြချက်ကို ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းသည် စုစုပေါင်းကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ပါဝင်ကြောင်း သိရသည်။ ၎င်းသည် နိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံးကာကွယ်ရေးအသုံးစရိတ်ဖြစ်လာမည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြသည်။ သမ္မတထရမ့် ထောက်ခံအားပေးသည့် “တပ်မတော်အင်အားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း” မူဝါဒကို မြှင့်တင်ရန်နှင့် အမေရိကန်သည် “ကမ္ဘာ့အာဏာအရှိဆုံးနှင့် စွမ်းရည်အရှိဆုံးတပ်မတော်ကို ဆက်လက်ထိန်းသိမ်း ထားရန်အတွက် ယခုကဲ့သို့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း ထရမ့်အစိုးရက ပြောကြားခဲ့သည်။ ထို့ပြင် မျိုးဆက်သစ်ဒုံးကျည်ကာကွယ်ရေးစနစ် (Golden Dome)အတွက် အသုံးစရိတ်နှင့် Trump-class စစ်သင်္ဘောများ တည်ဆောက်ရေးအတွက်လည်း ပါဝင်ကြောင်း သိရသည်။ ကွန်ကရက်က အတည်ပြုပါက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအမေရိကန်သင်္ဘောတည်ဆောင်မှုလုပ်ငန်းစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ အဆိုပါကာကွယ်ရေးစရိတ်တောင်းခံမှုကို ကွန်ကရက်သို့ တင်ပြမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။