“ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့် ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအတွက်ခွင့်ပြုပေး”

06 Apr

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရပါတယ်။ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် “အောင်ဆန်းသူရိယ”ဘွဲ့၊ “သီဟသူရ”ဘွဲ့ နှင့် “သူရ”ဘွဲ့ရရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ “ရဲသီဟ” တံဆိပ်၊ “ရဲသူရ”တံဆိပ်ရရှိသူများ အခမဲ့စီးနင်းခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ခံစားခွင့်ရှိသူများအနေနဲ့ မြန်မာ့မီးရထားဘူတာရုံများမှာ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်ရရှိထားကြောင်း အထောက်အထားပြသ၍ မှတ်ပုံတင်စာရင်းသွင်းရမည်ဖြစ်ကာ မြန်မာ့မီးရထားမှ Smart Card များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ Smart Card များကို ခရီးသွားလာရာ၌ သက်ဆိုင်ရာဌာနများမှာပြသ၍ မီးရထားလက်မှတ်၊ လေယာဉ်လက်မှတ်များထုတ်ယူရမည်ဖြစ်ကာ စတင်မှတ်ပုံတင်စာရင်းသွင်းရမည့်နေ့ရက်ကို အကြောင်းကြား ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများ၏ ဇနီး(သို့)ခင်ပွန်းများ၊ သား၊ သမီးများကို မြန်မာ့မီးရထားအထက်တန်းအခမဲ့စီးနင်းခွင့်နှင့် မြန်မာ့မီးရထားစီးနင်းခြင်းမပြုနိုင်သောဒေသများအတွက် နိုင်ငံပိုင် လေကြောင်းလိုင်းကို တစ်နှစ်လျှင် အသွား/အပြန် နှစ်ကြိမ် အခမဲ့စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

06 Apr

ADVERTISE HERE .