“ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး 2026 ကျင်းပခဲ့”
06 Apr
ရန်ကုန်မြို့ lotte Hotel တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး ၂၀၂၆ ကို ဧပြီလ ၄ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်တဲ့ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။ ဆန်လုပ်ငန်း ကဏ္ဍက ရာသီဥတုပြောင်းလဲမှု၊ ထုတ်လုပ်ရေးစရိတ်မြင့်တက်မှု၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနှင့် စျေးကွက်မတည်ငြိမ်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ယင်းပြဿနာများက တစ်နိုင်ငံတည်း အတွက်သာ မဟုတ်ဘဲ ASEAN ဒေသတစ်လျှောက် မျှဝေခံစားနေရတဲ့ စိန်ခေါ်မှုများဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် ကပြောကြားခဲ့ပါတယ်။ ဒါကြောင့် ASEAN အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အတွေ့အကြုံများမျှဝေခြင်း၊ လက်တွေ့ဖြေရှင်းချက်များ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆန်ကကုန်ပစ္စည်းတစ်ခုသာမက အစားအသောက်လုံခြုံရေးနှင့် လယ်သမားများ၏ အသက်မွေးဝမ်းကျောင်း နှင့် တိုက်ရိုက်ဆက်နွယ်နေသည့် အရေးပါသောကဏ္ဍတခုဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ စျေးကွက်နှင့် နည်းပညာ ဆိုင်ရာ ဆွေးနွေးမှုများအပြင် လယ်သမားများ၏ ဝင်ငွေတည်ငြိမ်မှုနှင့်ခံနိုင်ရည်အား တိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ ASEAN ဆန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်များအဖြစ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ တည်တံ့သော ဆန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးကို မြှင့်တင်ခြင်းနှင့် ဒေသတွင်း အစားအသောက်လုံခြုံရေးကို ခိုင်မာစေရန် ဆွေးနွေးခဲ့ကြပါတယ်။ ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးက ဒေသတွင်း ဆန်ထုတ်လုပ်သူများနှင့် ကုန်သွယ်ရေး လုပ်ငန်းရှင်များအကြား ဆက်သွယ်မှုတိုးမြှင့်ရန်နှင့် ကမ္ဘာ့စျေးကွက်တွင် ASEAN ၏ အခန်းကဏ္ဍကို အားကောင်း စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)