“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ အစိုးရ၏ဦးဆောင်မှုအရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်းအဓိကကျ”
06 Apr
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ အစိုးရ၏ဦးဆောင်မှုအရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကလည်း အဓိကကျတယ်လို့ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီလ ၅ ရက်နံနက်ပိုင်းက ဂုဏ်ပြု အထိမ်းအမှတ်လက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာရန်အခြေခံများကို ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန်ဆောင်ရွက်ရာမှာ အစိုးရ၏ဦးစီးဦးဆောင်မှုက အရေးကြီးသကဲ့သို့ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကလည်း အဓိကကျတယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ ဒေသအလိုက်၊ ကဏ္ဍအလိုက်ချမှတ်ပေးထားတဲ့ ဦးတည်ချက်များ၊ ရည်မှန်းချက်များကို အောင်မြင်အောင်ဆောင်ရွက်ရသည်မှာ သာမန်အချိန်မှာပင် မလွယ်ကူဘဲ ယခုကဲ့သို့အခက်အခဲမျိုးစုံကြားမှ လုပ်ဆောင်ရခြင်းက ပိုမိုခက်ခဲကြမ်းတမ်းကာ တော်ရုံတန်ရုံစိတ်ဓာတ်မျိုး၊ ဝတ်ကျေ တန်းကျေလုပ်ဆောင်မှုမျိုးဖြင့် လက်ရှိအခြေအနေကိုရောက်မလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မိမိတို့တာဝန်ယူခဲ့တဲ့ ၅ နှစ်တာအတွင်း အချို့အကြီးအကဲများနှင့် ခေါင်းဆောင်မှုတာဝန်ယူထားသူ တချို့က တိုင်းပြည်နှင့်လူမျိုးအပေါ် တာဝန်ပျက်ကွက်ခြင်း၊ ပေါ့ဆမှုနှင့် လုပ်ဆောင်မှုလွဲမှားခြင်းများနှင့် လုပ်ထုံးလုပ်နည်း နှင့်မညီသည်များအချို့ရှိခဲ့၍ အခက်အခဲကြားမှ နိုင်ငံကိုတည်ဆောက်ရာမှာ မဖြစ်သင့်မဖြစ်ထိုက်သည်များ မဖြစ်ရအောင်ထိန်းထိန်းသိမ်းသိမ်းဖြင့် မလွှဲမရှောင်သာဆောင်ရွက်ရခြင်း၊ လက်တွဲဖြုတ်ခဲ့ရခြင်းများရှိခဲ့တယ်လို့ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ က ပြောကြားခဲ့ပါတယ်။ (NVS 004)