“လက်မှတ်ဖိုးငွေသွင်းပြီး e-ticket လက်ခံရရှိခြင်းမရှိသူများကို ၇ ရက်အတွင်း ငွေပြန်လွှဲပေးရန်စီစဉ်ထား”
06 Apr
ORTP စနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူပြီး လက်မှတ်ဖိုးကျသင့်ငွေပေးချေထားသော်လည်း e-ticket လက် ခံရရှိခြင်းမရှိသူများကို ၇ ရက်အတွင်းငွေပြန်လွှဲပေးရန်စီစဥ်နေတယ်လို့ မြန်မာ့မီးရထားနှင့် ORTP Team တို့မှ အသိပေးခဲ့ပါတယ်။ အခုလို e-ticket ပြန်လည်လက်ခံရရှိမှုမရှိခြင်းမှာ တစ်ချိန်တည်းမှာ စနစ်အတွင်းဝင်ရောက်သူ အဆမတန် များပြားခဲ့တာကြောင့် ORTP စနစ်နှင့် ဘဏ်ငွေပေးချေမှုစနစ်တို့ကြား ချိတ်ဆက်မှုပြတ်တောက်သွားခြင်းကြောင့် ဖြစ်၍ လက်မှတ်ဖိုးကျင်သင့်ငွေများကို ဝယ်ယူသူများအသုံးပြုခဲ့တဲ့ ငွေပေးချေမှုနည်းလမ်းအတိုင်း သက်ဆိုင်ရာ ဘဏ်များမှတစ်ဆင့် ပြန်လည်လွှဲပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် စိစစ်မှုများအရ သင်္ကြန်ကာလရုံးပိတ်ရက်ဖြစ်တဲ့ ဧပြီလ ၁၄ ရက်မှာ ပြေးဆွဲပေးမယ့် ရန်ကုန်မှ နေပြည်တော်သို့ထွက်ခွာမည့် DEMU အမြန်ရထား၄စင်း၊ နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာမည့် DEMU အမြန်ရထား ၄ စင်း၊ ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲသော လူစီးအမြန်ရထားနှင့် နေပြည်တော်-မန္တလေး-နေပြည်တော် ပြေးဆွဲသော ရထားတို့တွင် စီးနင်းလိုက်ပါရန် ORTP စနစ်ဖြင့်လက်မှတ်များကို ဧပြီလ ၅ ရက်နံနက် ၁၂ နာရီမှစ၍ ဝယ်ယူခဲ့ကြရာ နံနက်ပိုင်းတွင်ပင် ရထားအားလုံး၏ ထိုင်ခုံများအားလုံးနီးပါးဝယ်ယူသွားကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ORTP စနစ်ဖြင့်လက်မှတ်ဝယ်ယူရာတွင် အခက်အခဲကြုံတွေ့ခဲ့ကြသူများကို အလေးအနက် တောင်းပန်ကာ ဆက်လက်၍ ခရီးသွားများအနေဖြင့် ORTP စနစ်အသုံးပြုပြီး ပိုမိုအဆင်ပြေချောမွေ့စွာ လက်မှတ် ဝယ်ယူနိုင်ရန် မြန်မာ့မီးရထားနှင့် ORTP Team တို့က အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ (NVS 004)