“ရုရှားသမ္မတနှင့် တူကီယဲသမ္မတတို့ ဖုန်းခေါ်ဆိုဆွေးနွေး”

05 Apr

ရုရှားသမ္မတပူတင်နှင့် တူကီယဲ သမ္မတအာဒိုဂန်တို့သည် ဧပြီလ ၃ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားမှုကို RT သတင်းဌာနက ဖော်ပြထားသည်။ ဧပြီလ ၃ ရက်ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် သမ္မတ ပူတင်နှင့် သမ္မတ အာဒိုဂန် တို့သည် လက်ရှိဖြစ်ပွား အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံ တို့က အီရန်နိုင်ငံအား စစ်ရေးအရ တိုက်ခိုက်မှုကို တူကီယဲနိုင်ငံအနေဖြင့် သဘောမတူကြောင်း တူကီယံ သမ္မတ အာဒိုဂန်က ရုရှားသမ္မတ ပူတင်နှင့်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အီရန်နိုင်ငံက အရှေ့အလယ်ပိုင်း ဒေသတွင်းနိုင်ငံများအား တိုက်ခိုက်နေမှုကိုလည်း မိမိတို့လက်မခံကြောင်း တူကီယဲသမ္မတက ပြောကြားထားသည်။ ရုရှားနိုင်ငံသည်လည်း အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က အီရန်နိုင်ငံအား စစ်ရေးအရတိုက်ခိုက်မှုကို ကန့်ကွက်ထားပြီး ပဋိပက္ခကို အဆုံးသတ်ကြရန် တောင်းဆိုထားသည်။ တူကီယဲနိုင်ငံသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးအားကောင်းသော နိုင်ငံဖြစ်ကြောင်း သိရသည်။

05 Apr

ADVERTISE HERE .