“ဘိုင်ယန်မြူးနစ်အသင်းက ချဲလ်ဆီးအသင်းမှ ပယ်မာ ကို စတာလင်ပေါင် ၈၆ သန်းဖြင့်ခေါ်ယူရန် ပြင်ဆင်”
04 Apr
ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်ပိုင်းဖြည့်တင်းရန်အတွက် ချဲလ်ဆီးအသင်းမှ ကွင်းလယ်တိုက်စစ် ကစားသမား ပယ်မာ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၆ သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ပယ်မာ ဟာ ၂၀၂၃ ခုနှစ်က မန်စီးတီးအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ သူဖြစ်ပြီး ချဲလ်ဆီးအသင်းနှင့် ပွဲဦးထွက်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခွင့်ရရှိခဲ့ရာ သွင်းဂိုး ၂၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသခဲ့သလို ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီကလည်း ပြိုင်ပွဲစုံ ၄၆ ပွဲတွင် သွင်းဂိုး ၁၅ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ သို့သော် ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၃၁ ပွဲ၌ သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှုငါးကြိမ်သာ ပြုလုပ် နိုင်ခဲ့သဖြင့် ပုံစံကောင်းပျောက်ဆုံးနေတာကြောင့် အသင်းတာဝန်ရှိသူများက ရောင်းချရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လာမည့်နှစ်ဘောလုံးရာသီတွင် တိုက်စစ်ပိုင်းမှ ဟယ်ရီကိန်း ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် တောင်ပံတိုက်စစ်နှင့် ကွင်းလယ်တိုက်စစ်နေရာတို့တွင် ကစားနိုင်သည့် ပယ်မာ ကိုခေါ်ယူ၍ တိုက်စစ်ပိုင်းဖြည့်တင်းရန် ဆုံးဖြတ်ထားပြီး ၎င်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၆ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါတယ်။(NVS 008)