“လောင်စာဆီသိုလှောင်ထားသူများနှင့် မှောင်ခိုတင်ပို့သူများကို ထိုင်းဝန်ကြီးချုပ်ဝေဖန်”

04 Apr

ထိုင်းနိုင်ငံ ရင်ဆိုင်နေရသော လောင်စာဆီရှားပါးပြတ်လပ်မှု ပြဿနာအတွက် လောင်စာဆီကုန်သည်များ၊ လောင်စာဆီသိုလှောင်သူများ၊ လောင်စာဆီမှောင်ခိုတင်ပို့သူများကို ထိုင်းဝန်ကြီးချုပ် ချန်ဗီရာကူးလ် က ဝေဖန် ပြောကြားထားကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အကြီးစားနှင့် အလတ်စား‌ လောင်စာဆီကုန်သည်များအနေဖြင့် လောင်စာဆီများကို သိုလှောင်ထား၍ မတန်တဆအမြတ်စွန်းရယူရန် ကြိုးစားနေကြကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပင်လယ်ရေကြောင်းမှတစ်ဆင့် လောင်စာဆီများ တင်သွင်းနေသူ ကုမ္ပဏီအချို့အနေဖြင့် ဈေးတက်မည့် အချိန်ကို စောင့်ဆိုင်းသည့်အနေဖြင့် လောင်စာဆီများ ဆိပ်ကမ်းများသို့ သတ်မှတ်ချိန်အတိုင်းမရောက်ရှိရန် အချိန်ဆွဲ နေကြောင်း သိရသည်။ ထို့ပြင် လောင်စာဆီများသိုလှောင်၍ အိမ်နီးချင်းနိုင်ငံများသို့ မှောင်ခိုတင်ပို့မှု ဖြစ်စဉ်များ ကိုလည်း စစ်ဆေးတွေ့ရှိနေရကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။ လောင်စာဆီမှောင်ခိုပြဿနာကြောင့် ထိုင်းနိုင်ငံအနေဖြင့် ဘတ်ငွေဘီလီယံ ၅၀(အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ)ဆုံးရှုံးနစ်နာခဲ့ရကြောင်း ထိုင်းဝန်ကြီးချုပ်၏အဆိုအရ သိရသည်။ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ထိုင်းနိုင်ငံ၌ လောင်စာဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။

04 Apr

ADVERTISE HERE .