“ကုသသမဂ္ဂအကြီးအကဲ ရာထူးနေရာအတွက် ကနဦးအနေဖြင့် လေးဦးကို အမည်စာရင်းတင်သွင်းထား”
03 Aprကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နေရာကိုဆက်ခံမည့် ကုလသမဂ္ဂအကြီးအကဲ ရာထူးနေရာအတွက် ကနဦးအနေဖြင့် လေးဦးကို အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။ ဂူတာရက်စ် သည် ဒီဇင်ဘာလ ၃၁ ရက်တွင် ဒုတိယငါးနှစ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းရန် အဖွဲ့ဝင် နိုင်ငံများကို ဧပြီလ ၁ ရက်က တောင်းဆိုခဲ့သည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂရိုစီ နှင့် ချီလီသမ္မတဟောင်း မစ်ရှဲလ်ဘာချီလတ်တို့သည် ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသည်။ အလားတူ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ အထွေထွေ အတွင်းရေးမှူးချုပ် ရီဘီကာ ဂရေစပန် နှင့် ဆီနီဂေါသမ္မတဟောင်း မက်စကီဆောလ် တို့လည်း အဆိုပါရာထူး နေရာအတွက် အမည်စာရင်း တင်သွင်းခံထားရကြောင်း သိရသည်။ အခြားသောကိုယ်စားလှယ်လောင်းများကို မကြာမီအမည်စာရင်းတင်သွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။ လက်ရှိအမည်စာရင်းတင်သွင်းထားသူလေးဦးအနက် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ အမျိုးသမီးများ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးနေရာတွင် ယခင်ကအမျိုးသမီးများ တာဝန်ထမ်းဆောင်ဖူးခြင်းမရှိသည့်အတွက် အမျိုးသမီးများကို အမည်စာရင်းတင်သွင်းရန် တောင်းဆိုလျက်ရှိသည်။ ကိုယ်စားလှယ်လောင်းများသည် ဧပြီလ ၂၀ ရက်မှစတင်ပြီး အပြန်အလှန်ဆွေးနွေးမှုများတွင် ပါဝင်မည်ဖြစ်သည်။ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် များသည် အတွင်းရေးမှူးချုပ်အသစ်ကို ရွေးချယ်ရာတွင် အဓိကနေရာတွင် ပါဝင်သည်။ ကုလသမဂ္ဂအကြီးအကဲ အသစ်တစ်ဦးကို ခန့်အပ်ရန်အတွက် လုံခြုံရေးကောင်စီ၏ထောက်ခံချက်လိုအပ်သည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။