“အမေရိကန်က မုသားစကားဖန်တီး၍ အီရန်အပေါ် စစ်ပွဲဆင်နွှဲသည်ဟု ဘရာဇီးသမ္မတ ပြစ်တင်ပြောကြား”

02 Apr

အမေရိကန်က အီရန်သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည် သို့မဟုတ် ထုတ်လုပ်ရန်ကြိုးပမ်းနေသည် ဟူသော မုသားစကားဖန်တီး၍ အီရန်အပေါ် မလိုအပ်သောစစ်ပွဲတစ်ခု ဆင်နွှဲခဲ့သည်ဟု ဘရာဇီးနိုင်ငံသမ္မတ လူလာ က ဧပြီလ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က မလိုအပ်တဲ့ စစ်ပွဲတစ်ခုကို ဆင်နွှဲလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ အီရန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တယ် သို့မဟုတ် နျူကလီးယားလက်နက်ဖန်တီးနေတယ် ဆိုတာပဲဖြစ်ပါတယ်။ ဒါက မုသားစကားပါဟု လူလာ က ထိုနေ့တွင် ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ဆီအာရာပြည်နယ်၌ တွေ့ဆုံမေးမြန်းမှု အတွင်း ဖြေကြားခဲ့သည်။ အစ္စရေးနှင့် အီရန်အကြား သို့မဟုတ် အမေရိကန်နှင့် အီရန်အကြား သဘောထားကွဲလွဲမှု ရှိသည့်တိုင် စစ်ပွဲဆင်နွှဲရန်မလိုအပ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ပွဲဆင်နွှဲခြင်းသည် မည်သည့် ပြဿနာကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူလာ က တွေ့ဆုံမေးမြန်းမှုအတွင်း၌လည်း အမေရိကန်က မုသားစကားများကို အကြိမ်များစွာဖန်တီး၍ စစ်ပွဲစတင်ခဲ့သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ အမေရိကန်က အီရတ်တွင် လူအများအပြား သေစေလောက်သည့် လက်နက်ပိုင်ဆိုင်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် အီရတ်အား စစ်ပွဲဆင်နွှဲခဲ့ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါလက်နက်များအား တွေ့ရှိခြင်းမရှိသေးကြောင်း၊ ယင်းသည် စစ်ပွဲစတင်ရန်အတွက် ဖန်တီးထားသော အကြောင်းပြချက်ပင်ဖြစ်ရာ စစ်ပွဲသည် မည်သည့်အခါကမျှ မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါစစ်ပွဲကြောင့် တစ်ကမ္ဘာလုံး စွမ်းအင်ဈေးနှုန်းများ မြင့်တက်သွားစေခဲ့ကြောင်း၊ ဘရာဇီး၏ ဒီဇယ် ၃၀ ရာခိုင်နှုန်းသည် တင်သွင်းမှုကို အားကိုးရကြောင်း၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပြီးနောက် ဘရာဇီးသည် ဒီဇယ်ဈေးနှုန်း မြင့်တက်လာသည့်ဖိအားနှင့် ရင်ဆိုင်နေရကြောင်း၊ အီရန်အခြေအနေကြောင့် ဘရာဇီးနိုင်ငံ စီးပွားရေး အပေါ် သက်ရောက်မှုအားလျှော့ချရန်အတွက် ဘရာဇီးအစိုးရအနေဖြင့် လောင်စာအခွန်လျှော့ချပေး၍ ဈေးကွက် ကြီးကြပ်ကွပ်ကဲမှု မြှင့်တင်ခြင်း၊ လုပ်ငန်းကုမ္ပဏီများက အခွင့်ကောင်းယူ၍ ဈေးနှုန်းမြှင့်တင်မှုကိုကာကွယ်ခြင်း စသည်တို့အပါအဝင် အစီအမံများလုပ်ဆောင်ပြီးဖြစ်ကြောင်း လူလာ က ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

02 Apr

ADVERTISE HERE .