“နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့်ဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဗြိတိန်သံတမန် တစ်ဦးအား ရုရှားနိုင်ငံအတွင်းမှ ထွက်ခွာရန်အမိန့်ပေး”
01 Aprရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗြိတိန်သံတမန်တစ်ဦးသည် နိုင်ငံအတွင်း ထောက်လှမ်းရေးနှင့်အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၎င်းအားနိုင်ငံအတွင်းမှထွက်ခွာသွားရန် အမိန့်ပေးခဲ့ကြောင်း ရုရှား ပြည်ထောင်စုလုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်။ ရုရှားအာဏာပိုင်များသည် ဗြိတိန်ထောက်လှမ်းရေးတစ်ဦးဖြစ်သူ ဂျန်းစ်ဗန်ရန်းစဘာ့ အား ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖော်ထုတ်မှုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ ဗြိတိန်နိုင်ငံ၏ သံတမန်ရေးရာ မစ်ရှင်အဖွဲ့၏ အကာအကွယ်အောက်တွင် ထောက်လှမ်းရေးလုပ်ငန်းများလုပ်ဆောင်သည်ဟု စွပ်စွဲခံရသည့် ပဉ္စမမြောက်ဖြစ်စဉ်ဖြစ်သည်။ ဂျန်းစ်ဗန်ရန်းစဘာ့ သည် မော်စကိုမြို့တော်ရှိ ဗြိတိန်သံရုံး၌ ဒုတိယအတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းသည် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းစဉ်အတွင်း ရုရှားအစိုးရထံသို့ သတင်းအမှားများပေးအပ်၍ ရုရှားနိုင်ငံ၏တရားဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့ က မတ်လ ၃၀ ရက်တွင် ပြောကြားသည်။ ထို့ပြင် ဂျန်းစ်ဗန်ရန်းစဘာ့ သည် ရုရှားစီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် အလွတ်သဘော တွေ့ဆုံမှုများပြုလုပ်စဉ်အတွင်း အရေးပါသောသတင်းအချက်အလက်များကို ရယူရန်ကြိုးပမ်းခဲ့ပြီး ၎င်းသည် ရုရှားနိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်သည့်လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်နေသည်ဟု ရုရှား ပြည်ထောင်စုလုံခြုံရေးအဖွဲ့က ဆက်လက်ပြောကြားသည်။ ယခုအခါ ဂျန်းစ်ဗန်ရန်းစဘာ့ အား ရုရှားအစိုးရက နိုင်ငံအတွင်းမှထွက်ခွာရန် နှစ်ပတ်အချိန်ပေးထားသည်။ အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်ယာယီသံရုံးတာဝန်ခံ ဒါနေ ဒိုလာကီယာ ကိုဆင့်ခေါ်၍ တရားဝင်ကန့်ကွက်ခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။