“ကျူးဘားသို့ ရေနံထောက်ပံ့မှုများ ရုရှားဆက်လက်လုပ်ဆောင်သွားမည်”
31 Marကာရေဘီယံကျွန်းနိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံ၌ စွမ်းအင်ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရချိန်တွင် ရုရှားနိုင်ငံက ရေနံထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ်လ ၃၀ တွင် ပြောကြားသည်။ ကျူးဘားသို့ စွမ်းအင်ထပ်မံတင်ပို့ရောင်းချမှုကို မျှော်လင့်နိုင် မလားဟု သတင်းထောက်များက မေးမြန်းရာ မိမိတို့ဆက်လက်လုပ်ဆောင်သွားမည်ဟု ပက်စ်ကော့ဗ် က သတင်းထောက်များ ပြန်လည်ဖြေကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုရှားရေနံတင်သင်္ဘော တစ်စင်း ကျူးဘားနိုင်ငံသို့ ရောက်ရှိသွားကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနက မတ်လ ၃၀ ရက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ မော်စကိုသည် ကျူးဘား၏လက်ရှိအခက်အခဲများကို လျစ်လျူမရှုနိုင်ဘဲ ယင်းကိစ္စကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း ပက်စ်ကော့ဗ် က ဆက်လက်ပြောကြားသည်။ လက်ရှိအခြေအနေအရ ကျူးဘားသို့ လိုအပ်သော အကူအညီများပေးရန်မှာ မိမိတို့၏တာဝန်ဖြစ်သည်ဟု ရုရှားကရှုမြင်ပြီး တင်ပို့နိုင်ခဲ့သည့်အတွက် ရုရှားအနေဖြင့် ဝမ်းမြောက်မိကြောင်း ၎င်းကပြောကြားသည်။ ရေနံတင်သင်္ဘော အနာတိုလီကိုလော့ဒ်ကင်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီဖြင့် ကျူးဘားသို့ ရေနံစိမ်းတန်ချိန်တစ်သိန်းခန့် ပို့ဆောင်ပေးထားကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီးဌာနက မတ်လ ၃၀ တွင် ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက် သိရသည်။