“၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို”

12 Mar

မတ်လ ၁၁ ရက်မှာ စတင်ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်မှာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့မှ စာရင်းသွင်းအရေအတွက် ကျောင်းသား ၁၁၂,၁၉၁ ဦး၊ ကျောင်းသူ ၁၅၆,၅၆၂ ဦး၊ စုစုပေါင်း ၂၆၈,၇၅၃ ဦးဖြစ်ပြီး ပထမနေ့ဖြေဆိုမှုအနေနဲ့ ကျောင်းသား ၁၀၄,၂၅၉ ဦး၊ ကျောင်းသူ ၁၅၀,၉၆၉ ဦး၊ စုစုပေါင်း ၂၅,၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းထိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့ စာရင်းသွင်း အရေအတွက်မှာ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂,၀၀၅ ဦး၊ ကျောင်းသူ ၁,၃၈၁ ဦး၊ စုစုပေါင်း ၃,၃၈၆ ဦး ဖြစ်ပြီး ဖြေဆိုမှုအနေနဲ့ ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်ရာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ မှာ မြန်မာစာဘာသာရပ်၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ်လ ၁၆ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၇ ရက်တွင် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမှာဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၁၁ ရက်မှစတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်အထိ ဆက်လက်ဖြေဆိုကြမည် ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ (NVS 004)

12 Mar

ADVERTISE HERE .