“ဖိုင်နယ်လစ်ဆီမာပွဲကို လန်ဒန်မြို့မှာကျင်းပရန် ရေပန်းစားနေ”
05 Mar
တောင်အမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ဥရောပချန်ပီယံ စပိန်အသင်းတို့ကစားမယ့် ဖိုင်နယ်လစ်ဆီမာပွဲကို ဒိုဟာမြို့မှာကျင်းပဖို့ မသေမချာဖြစ်ခဲ့ပြီးနောက် ဥရောပနဲ့တောင်အမေရိက ဘောလုံးတာဝန်ရှိသူတွေဟာ ကျင်းပမယ့်နေရာကို ဆုံးဖြတ်ဖွယ်ရှိနေပြီး လန်ဒန်မြို့က ကျင်းပခွင့်ရဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ စပိန်နဲ့ အာဂျင်တီးနားတို့ပွဲစဉ်ကို မတ်လ ၂၇ ရက် ကာတာနိုင်ငံ ဒိုဟာမြို့က လူဆေးလ် အားကစား ကွင်းကြီးမှာ ကျင်းပဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်နဲ့ အစ္စရေး တို့ရဲ့ အီရန်နိုင်ငံအား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပင်လယ်ကွေ့နိုင်ငံတွေအပေါ် လက်တုံံ့ပြန်မှု တွေပြုလုပ်ခဲ့ပြီး ကာတာဘောလုံးအဖွဲ့ချုပ်က နိုင်ငံအတွင်းကျင်းပမယ့် ဘောလုံးပွဲတွေအားလုံး နောက်ထပ် အမိန့်မထုတ်ပြန်မချင်း ရပ်ဆိုင်းထားဖို့ ကြေညာလိုက်ထားပါတယ်။ အခုပွဲစဉ်က စပိန်အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် အရေးပါတဲ့ပြင်ဆင်မှုဖြစ်တာကြောင့် အမြန်ဆုံးဆုံးဖြတ်ပေးဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။ (NVS 008)