“BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီများအနေနဲ့ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်”
04 Mar
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြခွာညိုလမ်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများကို BOT စနစ်နဲ့ ငှားရမ်းလုပ်ကိုင်လျက်ရှိကြတဲ့ ငွေရည်ပုလဲကုမ္ပဏီ၊ သိန်းထွန်းအောင်ကုမ္ပဏီနှင့် ဒဂုံတောင်ပိုင်းမြို့နယ်ရှိ သီရိမြင့်မြတ် ကုမ္ပဏီတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ငှားရမ်းရေးစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့ပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန လေးထောင့်ကန် ငါးလုပ်ငန်းစခန်းသို့ သွားရောက်၍ ရှားပါးလာတဲ့ တိုင်းရင်းငါးမျိုးစိတ်များဖြစ်သည့် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ရေချိုငါးမုတ်နှင့် ငါးတန်ငါး များကို သုတေသနပြုသားဖောက်နေမှု၊ ဆေးထိုးသားဖောက်ရာသီတွင် ငါးဆေးထိုးသားဖောက်သင်တန်းများ ဆောင်ရွက်နေမှုနှင့် ငါးသားပေါက်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ငါးမျိုးကောင်းမျိုးသန့်များ တိုးတက် ဖြန့်ဖြူးထုတ်လုပ်ကြရန်၊ ငါးသားပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ ဖြန့်ဖြူးပေးကြရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားအောင် လေ့ကျင့်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်နေသော Fortune Commercial City က တည်ဆောက်လျက်ရှိသည့် ရိုးကြီးချောင်းတံတား တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနပိုင်မြေကို BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်လျက် ရှိကြသည့် ရေထွက်ကုန် ပြုပြင်အေးခဲစက်ရုံများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ယင်းနောက် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသန ဗဟိုဌာနသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများနှင့် ဆင်းရွှေကြာ(၂)မျိုး မြှင့်တင်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)