“ပြည်တွင်းမှာ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း မှာကြား”
04 Mar
ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Motor Corporation Public Co., Ltd. မှ ISSUZU အမှတ်တံဆိပ်မော်တော်ယာဉ်များကို SKD စနစ်ဖြင့်ကိုယ်ထည် တပ်ဆင်ထုတ်လုပ်တဲ့စက်ရုံကို မတ်လ ၂ ရက်က ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်ပါတယ်။ မော်တော်ယာဉ်ကိုယ်ထည်တပ်ဆင်ပါက ထုတ်လုပ်မည့်မော်တော်ယာဉ်များ၏ ဘောင်များတည်ဆောက်ပုံ၊ မောင်းနှင်အသုံးပြုချိန်တွင် ဖြစ်ပေါ်လာမည့် ကွေးညွတ်မှု၊ ဒဏ်အားသက်ရောက်မှု၊ ဒြပ်စွဲအားတည်နေရာပြောင်းလဲမှု တို့ကို သီအိုရီအရတွက်ချက်၍ မော်တော်ယာဉ်၏ တည်ငြိမ်မှုကိုရရှိနိုင်အောင် စီမံဆောင်ရွက်ရန်မှာ ကြားခဲ့ပါတယ်။ ခရီးသည်ယာဉ်များ၏ ကိုယ်ထည်တပ်ဆင်ပါက သုံးစွဲသူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူး အလေးထားကာ အသေးစိတ်တွက်ချက်ဆောင်ရွက်ရန်၊ မူရင်းကုမ္ပဏီ၏ သတ်မှတ်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပြီး အရည်အသွေးပြည့်မီအောင် စစ်ဆေးကြပ်မတ်ရန်၊ ပြည်တွင်းမှာ မော်တော်ယာဉ်များကို SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ခြင်းက နည်းပညာရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ရည်ရွယ်ချက် အောင်မြင်အောင် အထူးအလေးထားဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်ပေါ်လာမှု အခြေအနေများကို စိစစ်တွက်ချက်ထားရန်၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီရေး၊ သုံးစွဲသူများဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ဝန်ထမ်းများ၏စွမ်းဆောင်ရည်များ မြှင့်တင်ကြရန်တို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ (NVS 004)