“မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အာဟာရသုခဈေး ယာယီဈေးဆိုင်ခန်းများဖြင့် ရောင်းချခွင့်ပြု”
04 Mar
မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပျဉ်းမနားမြို့ အာဟာရသုခဈေးတွင် ယာယီဈေးဆိုင်ခန်းများဖြင့် ရောင်းချရန် ခွင့်ပြုထားကြောင်း နေပြည်တော်စည်ပင်သာယာရေးဦးစီးဌာနကနေ သိရပါတယ်။ အဆိုပါယာယီဆိုင်ခန်းများ ဈေးရောင်းချမှုအခြေအနေကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မီးလောင်မှုထပ်မံ မဖြစ်ပွားစေရေး အလေးထားဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီးမြို့တော်ဝန်က မီးလောင်မှုကြောင့် ပျက်စီးခဲ့မှုများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများအနေနဲ့ ဈေးသူ၊ ဈေးသားများအားမီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စနစ်တကျ စီမံဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာ ကြားခဲ့ပါတယ်။ အဆိုပါ အာဟာရသုခဈေးမှာ ဖေဖော်ဝါရီလ ၂၈ ရက်မွန်းလွဲပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၄၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ (NVS 004)