“မုဒုံမြို့မှာ အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်”
04 Mar
မုဒုံမြို့နယ်မှာ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပြုလွှာဖိတ်ခေါ်ချက်အရ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘဲရမ်းဆီအုန်းခြံမြေ ၁၀ ဒသမ ၃၅ ဧကမှာ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်းကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန်အတွက် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကုမ္ပဏီများမှ စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ အဆိုပြုလျှောက်လွှာများကို မတ်လ ၉ ရက်အထိ ရောင်းချပေးလျက်ရှိပြီး လျှောက်လွှာတန်ဖိုးကို ငွေကျပ် ၅၀,၀၀၀ သတ်မှတ်ထားကာ ဝယ်ယူပြီးလျှောက်လွှာများအား မတ်လ ၁၀ ရက်နေ့လယ် ၃ နာရီအချိန်မှာ နောက်ဆုံး ထားပြန်လည်တင်သွင်းရမှာဖြစ်ကာ မတ်လ ၁၁ ရက်မှာ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ ကျိုက္ခမီလမ်းရှိ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပြုလွှာဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်တဲ့ကုမ္ပဏီမှသာ သိစေအပ်တဲ့ အသေးစိတ် အချက်အလက် များကို အခြားလူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောဆိုခြင်းမပြုပါကြောင်း သဘောတူညီချက် တင်ပြမှု နဲ့ လျှောက်လွှာရောင်းချပေးမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက မွန်ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)