“သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ”

03 Mar

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ ၂ ရက်မွန်းလွဲပိုင်းမှာ နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းမှာ ဆင်ယင်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြပါတယ်။ အခမ်းအနားမှာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်ယာယီသမ္မတက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ ထံသို့ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြပါတယ်။ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ရရှိတဲ့ ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ၏ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သမိဒ္ဓေါဒယသီရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ကလျာသိင်္ဂီထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်ပူဇော်ခဲ့ကြပြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြတဲ့သူများ၊ သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရရှိကြသူများ၊ သီဟသုဓမ္မသိင်္ဂီ ဘွဲ့ရရှိကြတဲ့သူများကိုလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ၏ဇနီးက သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသူများကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဇနီးများနှင့်အလှူရှင်များက ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့်ဘွဲ့ခံသီလရှင်ဆရာကြီးများကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြပါတယ်။ (NVS 004)

03 Mar

ADVERTISE HERE .