“ပဲခူးမြို့မှာ ဟင်းသီးဟင်းရွက်သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပ”
03 Mar
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ ၁ ရက်ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို နှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦး တို့က (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အကြို သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြုပန်းပွားအကအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပဲခူးခရိုင်၊ ညောင်လေးပင် ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် တို့မှဒေသထွက်သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဝင်သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှု၊ လယ်ယာသုံးစက်ကိရိယာပြခန်း၊ မွေးမြူရေးဆိုင်ရာပြခန်းများ၊ ဌာနဆိုင်ရာအသိပညာပေးပြခန်းများ၊ မွေးမြူရေးစံပြခြံများ၊ ဒေသထွက်ကုန်အရောင်းပြခန်း စတဲ့ပြခန်း ၁၁၀ ကျော် ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်များကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အဆင့်ထိမျှော်မှန်းထုတ်လုပ်ဆောင်ရွက်ရန်နှင့် ဒေသတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ အဆိုပါပြခန်းများမှာ ဒေသထွက်ဝါး၊ သစ်သားလက်မှုပစ္စည်းများ၊ ဒေသထွက်တန်ဖိုးမြှင့် စားသောက်ကုန် ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ လူသုံးကုန်များနှင့် သဘာဝမြေဩဇာများ စုစုပေါင်းဒေသထွက်ကုန် အမျိုးပေါင်း ၈၀၀ ကျော် ထည့်သွင်းပြသထားပြီး လာရောက်လေ့လာသူများ၊ ဈေးဝယ်သူများအပြင် အခမဲ့ဇာတ်သဘင် လာရောက်ကြည့်ရှုသူများနဲ့ အထူးစည်ကားလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)