“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနဲ့ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး တရားစွဲဆိုခံထားရသူ ၁၂,၄၀၀ ကျော်ကို အမှုပိတ်သိမ်းပေး”
03 Mar
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့်ပုဒ်မ ၅၂(က)အရ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/အကျဉ်းသူ ၇,၃၀၀ ကျော်၏ ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဆိုပါအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၂,၄၀၀ ကျော်၏ အမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှလွှတ်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ မတ်လ ၂ ရက်မှာ အမိန့်များထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်များအရ ယာယီသမ္မတက ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ၅၂(က)အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ အပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် ၈/၂၀၂၆ ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အမိန့်အမှတ် ၉/၂၀၂၆ အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) ဖြင့် လည်းကောင်း၊ ယင်းပြစ်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် လည်းကောင်း တရားစွဲဆိုခံထားရသူ ၁၂,၄၈၇ ဦး ၏ တရားရုံးကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉,၅၃၂ မှု ကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် ၆/၂၀၂၆ နှင့် ၇/၂၀၂၆ တို့ဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ အပေါ်လျှော့ပေါ့ပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂,၈၂၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကာ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်၍ အမိန့်အမှတ် ၅/၂၀၂၆ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ် ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ (NVS 004)