နှစ်နိုင်ငံဆွေးနွေးမှုများကို ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားကို တိုက်တွန်း

02 Mar

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်ကြရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မတ်လ ၁ ရက်တွင် မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ တောင်ကိုရီးယား နှင့်သံတမန်ရေးအရ ထိတွေ့ဆက်ဆံရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်း ပယ်ချခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတက နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန် ထပ်မံ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း သမ္မတရာထူး စတင်ရယူပြီးချိန်မှစ၍ မြောက်ကိုရီးယားနိုင်ငံနှင့်ဆက်ဆံရေးပုံစံကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသူ ဖြစ်သည်။ မိမိတို့အနေဖြင့် မြောက်ကိုရီးယားနှင့်နှစ်နိုင်ငံဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ပြောကြားထားသည်။ တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံ ခြင်းဖြင့် မြောက်ကိုရီးယားအတွက်အကျိုးမရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ကိုရီးယား အလုပ်သမားပါတီ နဝမအကြိမ်ညီလာခံ၌ ပြောကြားထားသည်။ သို့ရာတွင် မြောက်ကိုရီးယားကို နျူကလီးယားအင်အားရှင်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါက အမေရိကန်နိုင်ငံနှင့်သံတမန်ရေးအရ ဆက်ဆံ၍ ရနိုင် ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

02 Mar

ADVERTISE HERE .