အီရန်ကို အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့ တိုက်ခိုက်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်း အဝေး ကျင်းပ
02 Mar
အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်ကိုစစ်ရေးအရတိုက် ခိုက်ခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြောင်း RT သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးတွင် အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့်အစ္စရေးကိုယ်စားလှယ်များက ကာကွယ်ပြောကြားရာ အီရန်ကိုယ်စားလှယ်များနှင့် အချင်းများခဲ့ကြသည်။ အီရန်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းမှာ ဥပဒေ နှင့်ညီကြောင်း၊ မိမိတို့အနေဖြင့် အီရန်နိုင်ငံကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ပေးမည်မဟုတ်ဟု ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုမှာ ကုလသမဂ္ဂပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ပြောကြား ထားသည်။ အလားတူ အီရန်၏တုံ့ပြန်မှုများကိုလည်း ဘာရိန်း၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး တို့၏နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်မှုအဖြစ် ကုလသမဂ္ဂအကြီးအကဲက ပြောကြားခဲ့သည်။ လက်ရှိ စစ်ရေး ပဋိပက္ခများ ပိုမိုကျယ်ပြန့်မလာစေရေးအတွက် တိုက်ခိုက်မှုများရပ်ဆိုင်းကြရန် ကုလသမဂ္ဂအကြီးအကဲနှင့်လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများက တိုက်တွန်းထားကြကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။