ထပ်မံဆောက်လုပ်ပြီးစီးသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အဆောက်အအုံငါးလုံးငှားရမ်းခွင့်ကို မဲနှိုက်ရွေးချယ်ပေးမည်

01 Mar

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ် ပြီးစီးသည့် အဆောက်အအုံငါးလုံးကို ငှားရမ်းခွင့်ရရှိသူများအား မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့ အငှားအိမ်ရာစီမံကိန်းမှ သိရပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံငါးလုံးကို ပြည်သူများအတွက် တစ်လုံး၊ ဝန်ထမ်းများအတွက်လေးလုံး ငှားရမ်းခွင့်ပြုမှာဖြစ်ပါတယ်။ မဲနှိုက်ခွင့်ရရှိသူ ပြည်သူနှင့် ဝန်ထမ်းများအား သက်ဆိုင်ရာမှ ဆက်သွယ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာကို နေထိုင်ရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများကို ငါးနှစ်တာကာလ ငှားရမ်းနေထိုင်ခွင့်ပြုထားသော်လည်း အဆိုပါပြည်သူ့အငှား အိမ်ရာများကို ထပ်ဆင့်ငှားရမ်းသူများအား နေထိုင်ခွင့်ပယ်ဖျက်ပြီး စိစစ်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်းရှိ အခန်းများကို ခွင့်ပြုချက်မရှိဘဲ ဥပဒေမဲ့ ရောင်းစားသူသုံးဦးအား ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ-၆(၁)အရ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ကျခံစေ ခဲ့ပြီး ဌာနမှလည်း အိမ်ခန်းငှားရမ်းခွင့်ပယ်ဖျက်ကာ အခန်းများကို ပြန်လည်သိမ်းယူခဲ့ကြောင်းနှင့် သတ်မှတ်ထားရှိတဲ့ အိမ်ရာစည်းကမ်းများကို လိုက်နာခြင်းမရှိသူများအား စိစစ်တွေ့ရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ အသိပေးထားပါတယ်။(NVS 004)

01 Mar

ADVERTISE HERE .