အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ်တိုက်ခိုက်မှုများက ကမ္ဘာ့ရေနံဈေးကွက်ကိုရိုက်ခတ်နိုင်

01 Mar

အမေရိကန်နှင့်အစ္စရေးက အီရန်အပေါ်တိုက်ခိုက်မှုများသည် ကမ္ဘာ့ရေနံထောက်ပံ့မှုကွင်းဆက်ကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ရေနံဈေးနှုန်းကို နှစ်ပေါင်းများစွာအတွင်း မကြုံဖူးသောအဆင့်အထိ မြင့်တက် လာစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးထားသည်။ အီရန်သည် လက်ရှိတွင် တစ်ရက်လျှင်ရေနံစည်ပေါင်း ၃ ဒသမ ၁ သန်းခန့်ကို ထုတ်လုပ်နေပြီး ကမ္ဘာ့တတိယ အကြီးဆုံး ရေနံစိမ်းသိုက်ကိုပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ အဓိကစိုးရိမ်ရသည့်အချက်မှာ ကမ္ဘာ့ရေနံသုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းနေသော ဟော်မုရေလက်ကြားကို အီရန်က ပိတ်ဆို့သွားနိုင်ခြင်းဖြစ်သည်။ ယင်းနှင့်ဆက်စပ်၍ ရေနံဈေးနှုန်းမှာ ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထိ ရောက်ရှိသွားပါက ငွေကြေးဖောင်းပွမှုကို ပြန်လည်မြင့်တက်စေမည်ဖြစ်သည့်အပြင် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက် စေမည်ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်ဈေးနှုန်းကို လျှော့ချပေးသွားမည်ဟု ကတိပြုထားသော ထရမ့် အတွက် ယခုနှစ်ကုန်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အခက်တွေ့စေနိုင်သည်။ လက်ရှိတွင် အီရန်၏အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရမှုကလည်း ရေနံဈေးကွက်ကို မသေချာမရေရာမှုများဖြစ်စေသည်။

01 Mar

ADVERTISE HERE .