“ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် ဖြေဆိုရန်အချိန်များ ပြောင်းလဲသတ်မှတ်မည်”

27 Feb

၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင်ဖြေဆိုမည့် ဂျပန်ဘာသာ အရည်အချင်းစစ် JLPT စာမေးပွဲအတွက် ဖြေဆိုရန် အချိန်များ ပြောင်းလဲသတ်မှတ်သွားမှာဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာ သင်ဟောင်းအသင်း (MAJA)မှ သိရပါတယ်။ ယခင်စာမေးပွဲများတွင် ဖြေဆိုချိန်စတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျ ရောက်ရှိသူများအား(Listening session မပါ) ဝင်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုမှုအချိန်များ ပြောင်းလဲ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ JLPT စာမေးပွဲမှစတင်၍ ဖြေဆိုသူအားလုံး စာဖြေခန်းထဲသို့ ရောက်ရှိရမည့် Check-in Time အချိန်အား N1, N2 Level ဖြေဆိုသူများအတွက် နံနက် ၈ နာရီမှ နံနက် ၈ နာရီ ၄၅ မိနစ်အတွင်းနှင့် N3, N4, N5 Level ဖြေဆိုသူများအတွက် နံနက် ၁၀ နာရီမှ နံနက် ၁၀ နာရီ ၄၅ မိနစ်အတွင်းဟု သတ်မှတ်ထားပါတယ်။ ဖြေဆိုသူများအနေနဲ့ ပထမပိုင်းဖြေဆိုချိန်အတွက် Check-in Time အတွင်း ရောက်ရှိခြင်းမရှိပါက စာမေးပွဲခန်းအတွင်း ဝင်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ဒုတိယပိုင်းနှင့် နောက်ပိုင်းဖြေဆိုချိန်များတွင်လည်း နောက်ကျ/ ရောက်ရှိခြင်းမရှိသူများကို ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါသတ်မှတ်ချိန်များအား စာဖြေသူများ၏ Test Voucher နောက်ကျောဘက်တွင်လည်း Check-in Time အနေဖြင့် ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Check-im Time ပြီးဆုံးသည့်အချိန်မှ Listening ပိုင်း ပြီးဆုံးသည့် အချိန်သည် စာမေးပွဲဖြေဆိုချိန်အဖြစ် သတ်မှတ်ထားပါတယ်။ နားချိန်များအပါအဝင် စာမေးပွဲဖြေဆိုချိန်အတွင်း မည်သည့်အီလက်ထရောနစ်ပစ္စည်းမျှ အသုံးပြုခွင့်မရှိကြောင်း သိရပါတယ်။ (NVS-004)

27 Feb

ADVERTISE HERE .