“(၄) ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာ ဖိုရမ်ကျင်းပ”
27 Feb
ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ World Trade Center ၌ ကျင်းပသည့် (၄)ကြိမ်မြောက် အနာဂတ်နည်းပညာများဆိုင်ရာဖိုရမ်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဖိုရမ်တွင် ဇီဝစီးပွားရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုသုတေသနများ၊ ဇီဝနည်းပညာအသုံးပြုစွန့်ပစ် ပစ္စည်းများမှ ကုန်ပစ္စည်းအသစ်ထုတ်လုပ်နိုင်မှုများ၊ ဇီဝဂေဟစနစ်သဘောသဘာဝများ၊ ဇီဝနည်းပညာအခြေပြု တွက်ချက်မှုစနစ်များ၊ တီထွင်ဖန်တီးမှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် ဇီဝနည်းပညာ အသုံးချနိုင်မှု များ၊ ဇီဝနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောဥပဒေလုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိမ်းရောင်စွမ်းအင်စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့်စပ်လျဉ်း၍ ပြခန်းများ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ မိန့်ခွန်းပြောကြားရာ အနာဂတ်နည်းပညာအခန်းကဏ္ဍ၌ ဇီဝနည်းပညာနှင့် သတင်းအချက်အလက် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့၏ အရေးပါမှုတို့ကို အလေးထားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တို့ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS-004)