“အိန္ဒိယဝန်ကြီးချုပ်မိုဒီ အစ္စရေးသို့ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းခဲ့”
27 Feb
အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ သည် အစ္စရေးသို့ နှစ်ရက်ကြာချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား လုံခြုံရေးနှင့်အခြားနယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့ ကြောင်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလ ၂၅ ရက်တွင် အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့သည်။ မိုဒီက ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို ဟားမားစ်တို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း၊ သင်တို့၏နာကျင်မှုကို ခံစားရပါကြောင်း၊ သင်တို့၏ဝမ်းနည်း ပူဆွေးမှု များကို အတူတကွမျှဝေနားလည်ပါကြောင်း၊ ယခုအချိန်မှစ၍ အနာဂတ်အချိန်ထိတိုင်အောင် အိန္ဒိယသည် အစ္စရေးနှင့် အတူ ယုံကြည်ချက်အပြည့်ဖြင့် အခိုင်အမာရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ က အားလုံးအတွက် တရားမျှတပြီး ရေရှည်ငြိမ်းချမ်းရေးအဖြစ် ပြောကြားခဲ့သည့် အမေရိကန်၏ ကြားဝင်စေ့စပ်ပေးသော ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံပါကြောင်းလည်း ဆက်လက် ပြောကြားသည်။ ယခုအကြိမ်သည် မိုဒီ၏ အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၇ ခုနှစ်ပထမဆုံး အိန္ဒိယဝန်ကြီးချုပ်ဖြစ်ချိန်က အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း NHK သတင်း ဌာနဖော်ပြချက်အရ သိရသည်။