“မြန်မာ-ရုရှားနှစ်နိုင်ငံကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များနဲ့ ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေး”
27 Feb
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရုရှားနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့ ဖေဖော်ဝါရီလ ၂၆ ရက်နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရုရှားနိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်းနှင့် မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာနည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ၊ ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အာကာသပြတိုက်(ရန်ကုန်)ကို အဆင့်မြှင့်တင်နိုင်ခဲ့မှု၊ လူငယ်များစိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိမှု၊ နှစ်နိုင်ငံကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များနဲ့ ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှု နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်လူငယ်များကို အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများပိုမိုရရှိနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိမှု၊ အာကာသနည်းပညာနှင့်သက်ဆိုင်တဲ့ ပညာတော်သင် သင်တန်းသားများစေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်တာဝန်ရှိသူများ၊ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။ (NVS 004)