“မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပူးတွဲကျင်းပနိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး”

26 Feb

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့အကြား ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအား ပူးတွဲစီစဉ်ကျင်းပနိုင်ရန် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ကူမင်း)မှ တာဝန်ရှိသူများ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီအထွေထွေအတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်စေရန်၊ ကျောက်မျက် ရတနာကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ယဉ်ကျေးမှုဖလှယ်ရန်နှင့် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ တရားမဝင်သယ်ဆောင်မှုကို တားဆီးရန် နားလည်မှုစာချွန်လွှာ(MoU)ပါအတိုင်း ပူးပေါင်းဆောင်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်ရန် ပူးတွဲစီစဉ်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU)ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

26 Feb

ADVERTISE HERE .