“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၇ ခုခွင့်ပြု”
26 Feb
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ အလုပ်အကိုင်အခွင့်လမ်းပေါင်း ၂,၄၄၉ ဦးကို ဖန်တီပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၇ ခုကို ဖေဖော်ဝါရီလ ၁၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့တဲ့ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂ ခု၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ခြင်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၅ ခုတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄၄ သန်းနှင့် ငွေကျပ် ၅၅၇,၉၀၇ ဒသမ ၀၆၉ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂,၄၄၉ ဦးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုများထုတ်လုပ်ခြင်း လုပ်ငန်းများအပြင် အိမ်ရာအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီး မြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဝန်ဆောင်မှုများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)