“ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ ရဲမင်းသူ ကို ၅ ပွဲပယ်နဲ့ ငွေကျပ် ၁၀ သိန်း ပြစ်ဒဏ်ချမှတ်”
26 Feb
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) စည်းကမ်းထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီဟာ ရှမ်းယူနိုက်တက် အသင်း နောက်ခံလူ ရဲမင်းသူကို အနီးစပ်ဆုံး ၅ ပွဲပယ်နှင့် ဒဏ်ကြေးကျပ် ၁၀ သိန်း ပြစ်ဒဏ်များချမှတ်ခဲ့ပါတယ်။ MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ ဖေဖော်ဝါရီလ ၂၀ ရက်က ရန်ကုန်မြို့ YUSC ကွင်း မှာ MNLပွဲစဥ်(၁၈)အဖြစ် ယှဥ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ပွဲက ဖြစ်စဥ် များအပေါ် ရုပ်သံမှတ်တမ်းများ ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်အစီရင်ခံစာများကို အကြိမ်ကြိမ် ပြန်လည်ဖတ်ရှုခြင်းများပြုလုပ်ပြီး ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရဲမင်းသူ အပေါ်ချမှတ်ခဲ့တဲ့ပြစ်ဒဏ်အပြင် နှစ်ဖက်အသင်းမှ အုပ်ချုပ်/နည်းပြ၊ အရန်ကစားသမားများဟာ ပွဲကစားနေစဥ်အချိန်အတွင်း အော်ဟစ်ခြင်း၊ ကွင်းအတွင်းဝင်ရောက်ခြင်း၊ တစ်ဖက်အသင်းနည်းစနစ်ဧရိယာသို့ သွားရောက်ကာ စောဒကတက်ခြင်းများ ပြုလုပ်ခဲ့လို့ လာမယ့်ပွဲတွေမှာ ဥပဒေနဲ့အညီနေထိုင်သွားဖို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ စွမ်းဆောင်မှုတွေက အားနည်းချက်များ ရှိခဲ့တာကြောင့် ဒိုင်ကော်မတီက လိုအပ်သလို အရေးယူဆောင်ရွက်ရန်လည်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)