“စွမ်းအင်အဆောက်အအုံများကို ကာကွယ်ရန် ရုရှားသမ္မတ ပူတင် အက်ဖ်အက်စ်ဘီကို ညွှန်ကြား”
26 Feb
ရုရှားနိုင်ငံ၏ စွမ်းအင်နှင့်အခြေခံအဆောက်အအုံများကို ပို၍ ဖိဖိစီးစီးကာကွယ်ရန် ရုရှားသမ္မတပူတင် က ဖက်ဒရယ်လုံခြုံရေးဗျူရို(အက်ဖ်အက်စ်ဘီ)ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ညွှန်ကြားထားကြောင်း RT သတင်းဌာန တွင် ဖော်ပြထားသည်။ ယူကရိန်းပဋိပက္ခ လေးနှစ်ပြည့်သည့်နေ့တွင် ရုရှားသမ္မတပူတင် က အက်ဖ်အက်စ်ဘီကို အဆိုပါအတိုင်း ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံသည် အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့များ၏ အကူအညီဖြင့် ရုရှား၏ စွမ်းအင်နှင့်သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို တိုက်ခိုက်နေကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။ စစ်မြေပြင်၌ ရုရှားကိုအနိုင်မတိုက်နိုင်သည့်ရန်သူများသည် အဖျက်အမှောင့်လုပ်ရပ်များကို အားကိုးလာ ကြကြောင်း ရုရှားသမ္မတပူတင်က အက်ဖ်အက်စ်ဘီတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် သုံးသပ်ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံသည် လေးနှစ်ကြာ ယူကရိန်းပဋိပက္ခအတွင်း ရုရှားရေနံသိုလှောင်ကန်များ၊ ရေနံချက်စက်ရုံများ၊ ဆိပ်ကမ်းများကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ပင်လယ်နက်ဒေသရှိ ရုရှားစွမ်းအင်ပိုက်လိုင်းများသည်လည်း ယူကရိန်း၏ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတပူတင်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောကြားထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။