“၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါးတင်ပို့ထား”
26 Feb
ပြည်ပသို့ရေထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ ၂၀၂၅ ခုနှစ်ဧပြီလမှ ၂၀၂၆ ခုနှစ်ဇန်နဝါရီလအထိ ၁၀ လ တာကာလအတွင်း ပြည်ပသို့ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ အခုလိုတင်ပို့ရာမှာ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈,၁၃၅ ဒသမ ၀၇ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၃၁၅ သန်းရရှိခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ် တန် ၈၁၅ ဒသမ ၇၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၄ သန်း ရရှိခဲ့ပြီး ပြည်ပသို့ စုစုပေါင်းပုစွန်မက်ထရစ်တန် ၈,၉၅၀ ဒသမ ၈၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ ပြည်ပသို့ပုစွန်တင်ပို့မှုအနေနဲ့ ယခင်ဘဏ္ဍာနှစ်ကာလတူက မက်ထရစ်တန် ၇,၀၂၈ ဒသမ ၄၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပုစွန်မက်ထရစ်တန် ၁,၉၂၂ ဒသမ ၄၄၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံ ပေါင်း ၄ဝ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)