စစ်ပွဲ၏နောက်ဆက်တွဲရလဒ်က ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်ဟု အီရန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီးပြော

25 Feb

ရန်သူက အီရန်အပေါ် စစ်ပွဲစတင်ပါက ၎င်း၏နောက်ဆက်တွဲသည် ပဋိပက္ခဖြစ်သည့် ကာယကံရှင်ဘက် တွင်သာ ဖြစ်ပွားမည်မဟုတ်ဘဲ ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Kazem Gharibabadi က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။ Kazem Gharibabadi သည် ထိုနေ့တွင် ဂျီနီဗာမြို့၌ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှု နှင့် စပ်လျဉ်း၍ Kazem Gharibabadi က အီရန်အနေဖြင့် မိမိလုံခြုံရေးအား ခိုင်မာစွာကာကွယ်သွားမည်ဖြစ်ကြောင်း၊ ရန်သူသည် အီရန်အပေါ် စစ်ပွဲစတင်နိုင်သော်လည်း စစ်ပွဲအား မည်သို့အဆုံးသတ်မည်နည်းကို အီရန်ကဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော်စစ်ဦးစီးချုပ် Amir Hatami က အီရန်၏အင်အားကို မဟာဗျူဟာနည်းလမ်းဖြင့် လျှော့ချရန်ကြိုးပမ်းနေသူရှိကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် နောက်ဆုံး အခိုက်အတန့်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကာ အီရန်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် Tasnim သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ Amir Hatami သည် ထိုနေ့တွင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော်စစ်ဦးစီးတက္ကသိုလ် ဘွဲ့နှင်း သဘင်၌ အမှာစကားပြောကြားရာတွင် ရန်သူက အီရန်အပေါ် ခြိမ်းခြောက်မှုများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် စိတ်ဓာတ်ရေးရာစသည့် ကဏ္ဍစုံပါဝင်ပြီး ပိုမိုကျယ်ပြန့်သော ရောစပ်စစ်ပွဲ(Hybrid War)၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရောစပ်စစ်ပွဲအား ကိုင်တွယ်စီမံရန်အတွက် ပြင်ဆင်မှု မဖြစ်မနေ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Amir Hatami သည် အမေရိကန်စစ်တပ်က အခြားနိုင်ငံ၌ စစ်ရေးအရစွက်ဖက်မှု ရှုံးနိမ့်ခြင်းကို ဥပမာထား၍ ပြည်ပအင်အားစုများက ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှုနည်းလမ်းဖြင့် အီရန်အား ကျူးကျော်ဝင်ရောက်သော်လည်း နောက်ဆုံးတွင် အရေးနိမ့်မှုနှင့်သာ အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်၏ အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ကျင်းပရန် သတ်မှတ်ထားကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad bin Hamood Albusaidi က ဖေဖော်ဝါရီလ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။ အမေရိကန်နှင့် အီရန်၏ ဒုတိယအကြိမ် တစ်ဆင့်ခံဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့သည်။ အမေရိကန်နှင့် အီရန် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှုပြီးနောက် ကွဲလွဲမှုများရှိနေဆဲဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုသည် ယခင်အကြိမ်ထက် တိုးတက်မှုရှိလာကြောင်း၊ နှစ်ဖက်အနေဖြင့် ထိတွေ့မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အမေရိကန်က လတ်တလောကာလအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ စစ်သည်အင်အား ပမာဏအများအပြား စုစည်းလာခဲ့သည်။ အမေရိကန်သမ္မတ ထရမ့် ကလည်း လတ်တလောရက်ပိုင်းတွင် ၎င်းအနေဖြင့် အီရန်အပေါ် အကန့်အသတ်ဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ရန် စဉ်းစားနေကြောင်း ဝန်ခံခဲ့သည်။ (Repost from Xinhua Myanmar)

25 Feb

ADVERTISE HERE .