“ယူကရိန်းသာ နျူကလီးယားနည်းပညာရရှိပါက ရုရှားအနေဖြင့် မည်သည့်လက်နက်ကိုမဆို အသုံးပြုရမည်ဟုဆို”

25 Feb

ယူကရိန်းနိုင်ငံသာ နျူကလီးယားနည်းပညာများရရှိခဲ့ပါက ရုရှားနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များအပါအဝင် မည်သည့်လက်နက်အမျိုးအစားကိုမဆို အသုံးပြုရမည်ဖြစ်ကြောင်း ရုရှား လုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက် က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောသည်။ ယူကရိန်းသို့ ထိုကဲ့သို့သော နည်းပညာများရောက်ရှိလာပါက ရုရှားနိုင်ငံကိုခြိမ်းခြောက်နေသည့် ယူကရိန်းရှိ ပစ်မှတ်များကို မည်သည့်လက်နက်ဖြင့်မဆို တိုက်ခိုက်ရမည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း မက်ဗီဒက် က သတင်းဌာနတစ်ခုသို့ ပြောခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းထံ နျူကလီးယားလက်နက်များလွှဲပြောင်းပေးရန် ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံပြည်ပထောက်လှမ်းရေးဌာနက ထုတ်ပြန်ထားသည်။ ဗြိတိန်နှင့် ပြင်သစ်ရှိ အထက်တန်းလွှာ များသည် ရှုံးနိမ့်မှုကိုလက်ခံလိုခြင်းမရှိဘဲ ယူကရိန်းကို အဏုမြူဗုံးများ သို့မဟုတ် ညစ်ညမ်းဗုံးများ တပ်ဆင်ပေးရန် ကြိုးပမ်းနေကြောင်း ယင်းကြိုးပမ်းမှုမှာ နိုင်ငံတကာဥပဒေနှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် နျူကလီးယားလက်နက်ကို ထုတ်လုပ်နိုင်သည့် အသွင်မျိုး ဖြစ်အောင်အနောက်အုပ်စုက ဖန်တီးနေပြီး ယခုကဲ့သို့အန္တရာယ်ရှိသောအစီအစဉ်များက လက်တွေ့ဘဝနှင့် ကင်းကွာ နေကြောင်း ရုရှားတပ်မတော်နှင့် ထောက်လှမ်းရေးဌာနက သတိပေးထားသည်။

25 Feb

ADVERTISE HERE .