“မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထား”
25 Feb
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရမှုကြောင့် လေဆိပ်ရှိ လေယာဉ် ရပ်နားနေရာမှာ အနည်းငယ်ပျက်စီးခဲ့တာကြောင့် လေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများကို ခေတ္တရပ်နားထားရန် လေယာဉ်မှူးအသိပေးစာ(NOTAM) ထုတ်ပြန်ထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားလေဆိပ်မှ လေယာဉ် ပျံသန်းပြေးဆွဲမှုများကို ခေတ္တရပ်နားထားခြင်းနှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းလိုင်းအချို့မှာ ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်ကာ မြစ်ကြီးနားခရီးစဉ်များ ပျံသန်းပြေးဆွဲမှုခေတ္တဆိုင်းငံ့ထားမှာဖြစ်ပြီး အဆိုပါ ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်များအနေနဲ့ ခရီးသွားရက်ပြောင်းလဲခြင်း တစ်ကြိမ်အခမဲ့၊ ငွေအပြည့်ပြန်အမ်းခြင်း (ဝယ်ယူထားတဲ့ တန်ဖိုးအတိုင်း) ပြုလုပ်နိုင်မယ်လို့ အသိပေးမှုများ ပြုလုပ်ထားပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ဖြစ်ပွားခဲ့သော မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းကို FPV suicide drone များဖြင့် တိုက်ခိုက်ခံရပြီး လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)