“ကျောင်းသား/ကျောင်းသူ ၁၆၁ ဦးနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အားထုတ်ပြန်ကြေညာ”

25 Feb

ဖေဖော်ဝါရီလ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 ကျောင်းသား၊ကျောင်းသူ ၁၆၁ ဦးနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဆိုပါ Grade-5 ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ ၈၉ ဦး စုစုပေါင်း ၁၆၁ ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ ကျောင်းသားလချုပ်စာရင်းမှာ ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲဖြေဆိုသူစာရင်း(သွင်းစာရင်း)မှာ ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်မှာလည်း ဖော်ပြပါကျောင်းသားများက အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ၃ ကြိမ်ဖြေဆိုထားတဲ့ အထောက်အထားများမရှိခြင်းကြောင့် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့် မရရှိခြင်းဖြစ်ပါတယ်။ အခုလို ဖြေဆိုခွင့်မရှိတဲ့ကျောင်းသားများကို စစ်ကိုင်းခရိုင် ပညာရေးမှူးက ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထုတ်ပေးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့တက်ရောက်သင်ကြားနေသော “ထက်”ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ပုဂ္ဂလိက ပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ(ဋ) နှင့် ပုဒ်မခွဲ(ဍ) မှာသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်ခဲ့ခြင်းကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန်ဆုံးဖြတ်ထားတဲ့ ကျောင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကျောင်းမှာ အမှန်တကယ်တက်ရောက်ပြီး စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိခွင့်ပြုပေးခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ၂ ကြိမ်၊ နှစ်ဝက်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ၁ ကြိမ် ဖြေဆိုခဲ့သည့် Grade-5 ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး စုစုပေါင်း ၈၀ ဦးတို့ကို ယခုကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းမှာ ဖြေဆိုခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာမှာ ဖြေဆိုခွင့်မရရှိခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများကို စစ်ကိုင်းခရိုင်ပညာရေးမှူးအား ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များနှင့်အညီ စိစစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ (NVS 004)

25 Feb

ADVERTISE HERE .