“၂၀၂၆ ခုနှစ် နှစ်လနီးပါးအတွင်း နိုင်ငံတစ်ဝန်းမီးလောင်မှု ၁၉၁ ကြိမ် ဖြစ်ပွားခဲ့”

25 Feb

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နှစ်လတာကာလအတွင်း တစ်နိုင်ငံလုံးမှာ မီးလောင်မှု စုစုပေါင်း ၁၉၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁,၄၂၂ သန်းခန့်ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတွင် မီးလောင်မှုအများဆုံး ဖြစ်ပွားခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှု အကြောင်းရင်းများအနက် လျှပ်စစ်ကြောင့်ဖြစ်ပွားတဲ့ မီးလောင်မှုမှာ ၇၄ ကြိမ်ဖြင့် အများဆုံး ဖြစ်ပြီး၊ ပေါ့ဆမှုကြောင့်ဖြစ်ပွားသည့် မီးလောင်မှုမှာ ၆၃ ကြိမ် ရှိခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း မီးလောင်မှုအကြိမ် ၁၀၀ ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်အထိ ကာလ အတွင်း မီးလောင်မှု ၉၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တာကြောင့် ယခုနှစ် ပထမ ၂ လ အတွင်း မီးလောင်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ နွေရာသီကာလတွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားတတ်သဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ ကျေးရွာနှင့် ရပ်ကွက်များအပြင် လူနေထူထပ်သည့်နေရာများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

25 Feb

ADVERTISE HERE .