“ဘားအံမြို့က ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိ”
25 Feb
ကရင်ပြည်နယ်က ဘားအံမြို့အနေနဲ့ အာဆီယံမှပေးအပ်သော ဆုပေါင်း ၁၄ ဆုထက်မနည်း ရရှိထား ပြီးနောက် ယခုအခါ ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကို ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၌ ရရှိခဲ့ခြင်းဖြစ်ပြီး အခုဆုကို ဖေဖော်ဝါရီလ ၂၃ ရက်က ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်းရှိ မြို့၊ရွာ၊လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသတွေ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များမှ လိုအပ်မှုများ ပူးပေါင်း ပါဝင်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ဆုတံဆိပ်လွှဲပြောင်းပေးအပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းသို့ ၂၀၂၅ ခုနှစ်တွင် ခရီးသွား ၆၉၀,၉၀၀ ကျော် လာရောက်လည်ပတ်ခဲ့သဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝင်ငွေ ၉၄ ဒသမ ၆၃ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ (NVS 004)