တတိယအကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပမည့်နေ့များ ကြေညာ
24 Feb
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ ကျင်းပမည့်နေ့များကို ထုတ်ပြန်ကြေညာလိုက်ပြီး အစည်းအဝေး တက်ရောက်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိကြောင်းသတင်းပို့ကြရန် ဖေဖော်ဝါရီလ ၂၃ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာမယ့် မတ်လ ၁၆ ရက် နံနက် ၁၀ နာရီအချိန်၊ အမျိုးသားလွှတ်တော် အစည်းအဝေးကို မတ်လ ၁၈ ရက် နံနက် ၁၀ နာရီအချိန်တို့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကိုလည်း သက်ဆိုင်ရာလွှတ်တော်အသီးသီး၌ မတ်လ ၂၀ ရက်မှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးများသို့တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော်ကိုယ်စားလှယ်အသီးသီးသို့ ပေးပို့ပြီး ဖြစ်ရာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အစည်းအဝေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုများ ပြုလုပ် နိုင်ရန် ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သက်ဆိုင်ရာလွှတ်တော်ရုံးအသီးသီးသို့ ရောက်ရှိကြောင်း သတင်းပို့ရမှာ ဖြစ်ကြောင်း အသိပေးထားထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သတင်းပို့ရာမှာ မတ်လ ၁၀ ရက် ထက်မစော မတ်လ ၁၁ ရက်ထက် နောက်မကျဘဲ သတင်းပို့ကြရန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မတ်လ ၁၂ ရက် ထက်မစော မတ်လ ၁၃ ရက်ထက် နောက်မကျဘဲသတင်းပို့ကြရန်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မတ်လ ၁၄ ရက် ထက်မစော မတ်လ ၁၅ ရက်ထက် နောက်မကျဘဲ သတင်းပို့ကြရန် ထုတ်ပြန်ချက်များအရ သိရပါတယ်။(NVS 004)