မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အာဏာရအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရ
24 Feb
မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် (၉)ကြိမ်မြောက် အာဏာရအလုပ်သမားပါတီညီလာခံက နိုင်ငံ့ ခေါင်းဆောင် ကင်ဂျုံအန် အား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ် တင်မြှောက် ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အလုပ်သမားပါတီနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ် များ၊ ပါတီဝင်များအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် တပ်မတော်သားများ၏ တူညီသည့်ဆန္ဒအရ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန် အား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန် ၏လက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နိုင်ငံကာကွယ်ရေးအတွက် အဓိကကျသည့် နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အတွက် အာဏာရပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးတာဝန်ကို ပြန်လည်ထမ်းဆောင်ရန် ၎င်းအား ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါညီလာခံတွင် အလုပ်သမားပါတီ၏ ဗဟိုကော်မတီအဖွဲ့ဝင်များကိုလည်း ရွေးချယ်ခဲ့ကြောင်းနှင့် ပါတီ၏ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက သတင်း ထုတ်ပြန်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။