“ပရီးမီးယားလိဂ်ခေတ်မှာ စပါးအသင်းကို အမှတ်ပေးပွဲ ၅ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်း”
23 Feb
ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက စပါးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် မြောက်လန်ဒန်ဒါဘီပြိုင်ဘက်အသင်းကို ပရီးမီးယားလိဂ်အဖြစ် ပြောင်းလဲပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးပွဲ ၅ ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနှင့် စပါးအသင်းတို့ဟာ (၂၀) ရာစုအစောပိုင်းမှာကတည်းက ပြိုင်ဆိုင်မှုအစပြုခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်ပြီး စုစုပေါင်း ၁၉၉ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ အာဆင်နယ်က ၈၆ ပွဲနိုင်၊ စပါးအသင်းက ၆၁ ပွဲအနိုင်ရရှိခဲ့ပြီး ၅၂ ပွဲ သရေကျထားပါတယ်။ အခုနောက်ပိုင်းရာသီတွေမှာ အာဆင်နယ်အသင်းက ချန်ပီယံဆုကို မျှော်လင့်ယှဉ်ပြိုင်နေပြီး စပါးအသင်းက ရုန်းကန်နေရတာကြောင့် အာဆင်နယ်အသင်းက မြောက်လန်ဒန်ဒါဘီမှာ စံချိန်မှတ်တမ်းသစ်တွေ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စပါးအသင်းကို ၂၀၂၄ ဧပြီလမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲကစပြီး ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက်အနိုင်ရခဲ့တာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးဖြစ်သလို၊ နှစ်ရာသီဆက်တိုက် နှစ်ကျော့စလုံး အနိုင်ရခဲ့တာက ၁၉၈၇-၈၈ နဲ့ ၁၉၈၈-၈၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါ့အပြင် အဝေးကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကလည်း ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ခဲ့သမျှ မြောက်လန်ဒန်ဒါဘီပွဲတွေထဲ ဂိုးအပြတ်ဆုံးအဝေးကွင်းနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)