“ယူကရိန်းသို့ လက်နက်များထောက်ပံ့ပါက တောင်ကိုရီးယားကို လက်တုံ့ပြန်မည်ဟု ရုရှားသတိပေး”
23 Feb
ယူကရိန်းသို့ အမေရိကန်ထုတ်စစ်လက်နက်များ ဝယ်ယူထောက်ပံ့ပေးမည့် NATO တပ်ဖွဲ့၏အစီအစဉ်တွင် တောင်ကိုရီးယားနိုင်ငံပါဝင်လာပါက ပြင်းထန်သော တုံ့ပြန်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံက သတိပေးလိုက်သည်။ တောင်ကိုရီးယားအနေဖြင့် PURL ဟုခေါ်သော ယူကရိန်းအတွက် လက်နက်ဝယ်ယူရေး အစီအစဉ်တွင်ပါဝင်ရန် စဉ်းစားနေသည်ဆိုသောသတင်းများကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မာရီယာဇာခါရိုဗာ က တုံ့ပြန်ခြင်းဖြစ်သည်။ ယခုကဲ့သို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ခြင်းသည် ရုရှားနှင့်တောင်ကိုရီးယား ဆက်ဆံရေးကို ပြုပြင်၍မရနိုင်သော ပျက်စီးမှုဖြစ်ပေါ်စေမည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်၏ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း ၎င်းက ဆိုသည်။ ရုရှားအနေဖြင့် အချိုးမညီသော လက်တုံ့ပြန်မှုများအပါအဝင် လိုအပ်သလို အရေးယူမှုများပြုလုပ်ရန် အခွင့်အရေး ရှိကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ၏ လက်နက်မထောက်ပံ့ရေးမူဝါဒအပေါ် ရုရှားနိုင်ငံက ယခင်ကတည်းက တန်ဖိုးထားခဲ့ကြောင်း ဇာခါရိုဗာ က အလေးပေးပြောကြားသည်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယူကရိန်းအား ကူညီပေးနိုင်မည့်နည်းလမ်းများအတွက် NATO တပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း မကြာသေးမီက အတည်ပြုထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။