“အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးတာဝန်သစ်များအတွက် နေရာပြောင်းရွှေ့ ချထား”

23 Feb

အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းများ၌တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်ရာပေါင်းများစွာကို စစ်ဆင်ရေး တာဝန်အသစ်များအတွက် အခြားနေရာများသို့ ရွှေ့ပြောင်းချထားနေကြောင်းနှင့် ယင်းလုပ်ဆောင်မှုသည် တပ်ဖွဲ့ဝင် များကို ဘေးလွတ်ရာရွှေ့ပြောင်းခြင်းမဟုတ်ကြောင်း သိရသည်။ ကာတာနှင့်ဘာရိန်းနိုင်ငံတို့ရှိ စစ်စခန်းများမှတပ်ဖွဲ့ဝင်များကို ဖယ်ရှားလိုက်ပြီဆိုသောသတင်းများကို အမေရိကန်တာဝန်ရှိသူများက ငြင်းဆိုကာ ယင်းလုပ်ဆောင်ချက်သည် မဟာဗျူဟာမြောက် တပ်နေရာရွှေ့ပြောင်းမှုသာ ဖြစ်ကြောင်း New York Times သတင်းဌာနက ဖော်ပြသည်။ အမေရိကန်အစိုးရအဖွဲ့သည် အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန် ယခုကဲ့သို့ စစ်ရေးအင်အား ပြန်လည်ပြင်ဆင်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်စစ်သည်အင်အား ၃၀,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိရှိနေပြီး အီရန်၏ပစ်မှတ်ထားတိုက်ခိုက်ခံရနိုင်မှုကို လျှော့ချနိုင်ရေးအတွက် ယခုကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ လက်ရှိတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်း ဒေသတွင်း၌ တိုးမြှင့်တပ်ဆင်ထားသည်။ အမေရိကန်အနေဖြင့် အီရန်နှင့်နျူကလီးယားဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနေသော်လည်း စစ်ရေးအရအသင့်ဖြစ်နေစေရန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်များကိုပါ ဒေသအတွင်း တပ်ဖြန့်မှုများလုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Feb

ADVERTISE HERE .