“ပုသိမ်မြို့ရေပေးဝေရေးစီမံကိန်းမှ အိမ်ထောင်စု ၁၄၀၀၀ကျော်ကို နေ့စဉ်ဖြန်ဖြူးပေးလျက်ရှိ”

23 Feb

ပုသိမ်မြို့ရေပေးဝေရေးစီမံကိန်းမှ နေ့စဥ်ရေဂါလံ ၄ ဒသမ ၅ သန်းကို အိမ်ထောင်စု ၁၄,၀၀၀ ကျော်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ ပုသိမ်မြို့ရေပေးဝေရေးစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလ ၂၃ ရက်က စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် မှာ တည်ဆောက်တပ်ဆင်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါစီမံကိန်းကို japan နိုင်ငံ JICA ချေးငွေအကူအညီနဲ့ ကျပ် ၁၈ ဒသမ ၂၈၇၂ ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမ ၁၀ နှစ်ကို အရင်းမပါအတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း ပေးသွင်းကာ နောက်ထပ်နှစ် ၃၀ ကိုမူ တိုးရင်းပေးဆပ်ရန် သဘောတူညီချက်နဲ့ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်မှစတင်ကာ အုပ်စု ၃ စုခွဲ၍ နေ့စဥ်နံနက် ၈ နာရီ မှ ၁၁ နာရီအတွင်း တစ်နာရီ၊ ညနေ ၃ နာရီမှ ၅ နာရီအတွင်း တစ်နာရီ ရေပေးဝေနေခြင်းဖြစ်ပြီး တစ်ယူနစ် ရေဂါလံ ၂၂၀ ဂါလံအတွက် ကျပ် ၆၀၀ သာ ရေမီတာစနစ်ဖြင့် ပေးသွင်းရကြောင်းသိရပါတယ်။ ပုသိမ်မြို့ ရေပေးဝေရေးစီမံကိန်းသည် ငဝန်မြစ်ရေကို သောက်သုံး၍ရတဲ့အဆင့်ထိ အဆင့်ဆင့်ပြန်လည် သန့်စင်ကာ အိမ်ခြေ ၂၅,၁၉၄ စုသို့ နေ့စဥ်ရေဂါလန် ၄ ဒသမ ၅ သန်းကို သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဝေပေးရန် ဧရာဝတီတိုင်းစည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် Singa system co.ltd မှ ဒီဇိုင်းရေးဆွဲဆောင်ရွက်ခဲ့ပြီး Authentic co.ltd မှ တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

23 Feb

ADVERTISE HERE .