“အပျော်စီးသင်္ဘောများ ဆိပ်ကြီးခနောင်တိုဘက်သို့ တိုးချဲ့ပြေးဆွဲလာ”
23 Feb
ရန်ကုန်မြစ်အတွင်း အပျော်စီးခရီးစဉ်အဖြစ် ပြေးဆွဲနေသော သင်္ဘောများက ယခုနောက်ပိုင်းမှာ ဆိပ်ကြီး ခနောင်တို ဘက်သို့ ခရီးစဉ်လမ်းကြောင်း တိုးချဲ့ပြေးဆွဲလာကြောင်း သိရပါတယ်။ ယခင်က စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီး ပိတ်ရက်များမှာ ညနေပိုင်းအပျော်စီးခရီးစဉ်များကို ရန်ကုန်မြစ်အတွင်း ပင်လယ်ဝအထိ ပြေးဆွဲခဲ့ရာမှ ယခုအခါနံနက်ပိုင်းခရီးစဉ်အဖြစ် ဆိပ်ကြီးခနောင်တို လမ်းကြောင်း သို့ တိုးချဲ့ပြေးဆွဲပေးလာခြင်းဖြစ်ပါတယ်။ အခုခရီးစဉ်သစ်ကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ယခုတစ်ပတ် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြေးဆွဲပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါခရီးစဉ်က နံနက် ၉ နာရီခွဲမှ စတင်ထွက်ခွာကာ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ရောက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ စီးနင်းခအနေနဲ့ ပြည်တွင်းလူကြီး တစ်ဦးလျှင် ကျပ် ၃၅,၀၀၀ သတ်မှတ်ထားပြီး အသက် ၄ နှစ်မှ ၁၁ နှစ်အရွယ် ကလေးများအတွက် ကျပ် ၂၅,၀၀၀ သတ်မှတ်ထားပါတယ်။ (NVS 004)