“ရှေးဟောင်းကျောက်စာများ ပျက်စီးမှုရှိလာတဲ့အတွက် မှတ်တမ်းကျန်ရှိစေရန် RTI စနစ်ဖြင့် မှတ်တမ်းတင်နေ”

23 Feb

ရှေးဟောင်းကျောက်စာများပျက်စီးမှုရှိလာတဲ့အတွက် မှတ်တမ်းကျန်ရှိစေရန် Reflectance Transformation Imaging (RTI) စနစ်နဲ့ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရပါတယ်။ အဆိုပါကျောက်စာများမှာ အချိန်ကာလလွန်စွာကြာမြင့်ခဲ့ပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ပွန်းပဲ့ပျက်စီး မှုများ ရှိလာခြင်းတို့ကြောင့် မှတ်တမ်းကျန်ရှိစေရန်နှင့် ထိန်းသိမ်းပြုပြင်မှုအတွက် အထောက်အကူဖြစ်စေရန် ခေတ်မီ နည်းစနစ်တစ်ခုဖြစ်သော Reflectance Transformation Imaging (RTI) စနစ်နဲ့ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ပုဂံဌာနခွဲအနေနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်စာ ၈၃ ချပ်ကို မှတ်တင်ထားရှိပြီးဖြစ်သလို လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အနေဖြင့် ပထမဦးစွာ ကျောက်စာများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ RTI စနစ်ဖြင့် အသေးစိတ်ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်း၊ ရိုက်ကူးရရှိလာသော ဓာတ်ပုံများကို RTI builder software ဖြင့် Processing ပြုလုပ်ခြင်း၊ ဓာတ်ပုံမှတ်တမ်း အထောက်အထားများကို Digitization ပြုလုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ RTI စနစ်ဖြင့် မှတ်တမ်းတင်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးများအနေနဲ့ ကျောက်စာများကို မင်ကူးယူမှု ကြောင့် ကျောက်စာချပ်များ၊ ကျောက်စာစာလုံးများပေါ်မှာ ဆေးများပေကျံခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ ရှေးဟောင်း ကျောက်စာကို ရေရှည်ထိန်းသိမ်းပေးနိုင်ခြင်းနှင့် ကျောက်စာများမှာ ရေးသားထားတဲ့အကြောင်းအရာများကို ထင်ရှား ရှင်းလင်းစွာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်စာများက သဘာဝသဲကျောက်သားနဲ့ ပြုလုပ်ထားခြင်းကြောင့် နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းများကြောင့် ကျောက်သားမျက်နှာပြင်များပျက်စီးခြင်း၊ ရေးထွင်းထားတဲ့ ကျောက်စာများ ပြုန်းတီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကျောက်စာများကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး လေ့လာသုတေသန ပြုရာမှာလည်း များစွာအထောက်အပံ့ဖြစ်စေကြောင်းလည်း သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံဒေသမှာ ကျောက်စာစုစုပေါင်း ၃၅၂ ချပ်ရှိပြီး RTI စနစ်နဲ့ မှတ်တမ်းတင်ပြီးတဲ့ ကျောက်စာများကို သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများလေ့လာလိုပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ဆက်သွယ်၍ လေ့လာနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)

23 Feb

ADVERTISE HERE .