“ဘရာဇီးအသင်းနှင့် စာချုပ်သစ်ချုပ်မယ့် အန်ဆလော့တီ”
21 Feb
၂၀၂၅ မေလမှာ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်လာခဲ့တဲ့ အီတလီလူမျိုးနည်းပြ အန်ဆလော့တီ က လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ဘရာဇီးအသင်းနဲ့စာချုပ်သစ်ကို ချုပ်ဆိုဖြစ်လိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းကို အောင်မြင်မှုတွေရယူပေးနိုင်ဖို့ မျှော်လင့်နေတဲ့ အန်ဆလော့တီ က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးအသင်းကို ကိုင်တွယ်ခွင့်ရဖို့အတွက် သေချာသလောက် ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၆၆ နှစ်အရွယ် အန်ဆလော့တီက သူနဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်တို့အကြား ၄ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရထားတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂၀၀၂ ခုနှစ်က နောက်ဆုံးရရှိထားတာဖြစ်လို့ ၂၄ နှစ်ကြာ ကမ္ဘာ့ဖလားနဲ့ဝေးကွာမှုကို အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆုံးသတ် နိုင်ဖို့ကို မျှော်လင့်နေပါတယ်။ ဥရောပဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်တဲ့ အန်ဆလော့တီအတွက် ဘရာဇီးလက်ရွေးစင်အသင်း နည်းပြရာထူးက လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ပထမဆုံးတာဝန်ယူမှုလည်း ဖြစ်ပါတယ်။ (NVS 008)